Website Hosting ဆိုတာ
Website တိုင်းအတွက် Web Hosting က မဖြစ်မနေ လိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ Internet မှာ တစ်စုံတစ်ခု လွှင့်တင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် Hosting ဝန်ဆောင်မှုက မရှိမဖြစ် လိုအပ်ပါတယ်။ Web Hosting ဆိုတာက အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ Website တွေ၊ Web Page တွေကို Internet ပေါ် လွှင့်တင်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Website တွေကို Server လို့ ခေါ်တဲ့ အထူးကွန်ပျူတာတွေမှာ သိမ်းဆည်းထားပြီး Internet ပေါ် လွှင့်တင်ရပါတယ်။ Internet သုံးသူတွေက သင့် Website ကို ဝင်ကြည့်ချင် တယ်ဆိုရင် Browser Software တစ်ခုခုမှာ သင့် Website လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။
Hosting တွေဟာ သင့် Website ကို Internet မှာ အမှန်တကယ် သိမ်းဆည်းထားတဲ့နေရာတွေဖြစ်ပြီး Website ရဲ့အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ တခြားဖော်ပြမယ့် အကြောင်းအရာတွေကို သိမ်းဆည်းပေးထား ပါတယ်။ Web Hosting ဝန်ဆောင်မှုတွေဟာ သင့် Website သိမ်းဆည်းထားတဲ့ Server တွေကို ထိန်းသိမ်းစီမံရပြီး Website ကို Internet နဲ့ ချိတ်ဆက်ပေးတဲ့ နည်းပညာပိုင်းကိုလည်း စီမံခန့်ခွဲရပါတယ်။
Web Hosting လုပ်ရာမှာ ပုံမှန်အားဖြင့် သင့် Website ကို Server မှာ သိမ်းဆည်းတဲ့အခါ အသုံးပြုမယ့် နေရာပမာဏ (Space) နဲ့ Website ကို ဝင်ကြည့်တဲ့အခါ Internet လိုင်းပေါ်မှာ ဒေတာတွေ အကူးအပြောင်း လုပ်တဲ့ ပမာဏ (Bandwidth) တွေနဲ့ တိုင်းတာလေ့ရှိပါတယ်။
ဥပမာအားဖြင့် သင့် Website က ဖိုင်တွေကို အသုံးပြုသူတွေက Download လုပ်တာမျိုးလို လုပ်ဆောင်မှုတွေ များပြားတဲ့အခါ Server နဲ့ ချိတ်ဆက်ရမှုအကြိမ်တွေ၊ ဒေတာအကူးအပြောင်းလုပ်ရတာတွေ ပိုမိုများပြားတဲ့အတွက် Website ထဲကို ဝင်ကြည့်ပြီး စာဖတ်တာမျိုးသာ လုပ်ရတဲ့ Website တွေထက် Bandwidth များများရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့် Website မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ PDF တွေလို ဖိုင်တွေ အများအပြား ထည့်သွင်းချင်တယ်ဆိုရင်တော့ Space များများ လိုအပ်မှာ ဖြစ်ပါတယ်။
မှန်ကန်တဲ့ Hosting အစီအစဉ်ကို ရွေးချယ်ခြင်းအားဖြင့် Website ရဲ့ရင်းမြစ်တွေကို မှန်ကန်စွာ အသုံးပြုပြီး စွမ်းဆောင်ရည် ပိုကောင်းစေကာ အသုံးပြုသူတွေအတွက်လည်း ပိုမိုအဆင်ပြေစေပါတယ်။