Domain Name အမျိုးအစားများ
Domain Name ဆိုတာက သင့် Website ရဲ့ လိပ်စာပါ။ Browser ရဲ့ URL Bar မှာ ရိုက်ထည့်ပြီး သင့် Website ဆီ လာရောက်လည်ပတ်နိုင်မယ့် လိပ်စာတစ်ခု ဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် သင့် Website ဟာ အိမ်ကြီးတစ်လုံး ဆိုပါစို့။ ဒါဆိုရင် သင့် Website ရဲ့ Domain Name က သင့်အိမ်ရဲ့ အိမ်လိပ်စာပဲ ဖြစ်ပါတယ်။
Domain Name တွေကို မတူညီတဲ့ Extension အမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အသုံးအများဆုံး Extension ကတော့ .com ဖြစ်ပါတယ်။ .org ၊ .net ၊ .tv ၊ .info ၊ .io စတာတွေအပြင် နောက်ထပ်ရွေးချယ်နိုင်စရာ Extension တွေ အများအပြား ရှိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင် .com ဆိုတဲ့ Domain Extension ကိုပဲ အသုံးပြုဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။ အခုဆောင်းပါးမှာတော့ မတူညီတဲ့ Domain Name တွေအကြောင်း အသေးစိတ်ကို ဆက်လက် ပြောပြပေးချင်ပါတယ်။
Top Level Domain – TLD
Top Level Domain၊ ဒါမှမဟုတ် TLD ဆိုတာက ယေဘုယျ Domain Extension အုပ်စုပါပဲ။ Domain Name System ထဲမှာ အမြင့်ဆုံးအဆင့်ရှိတဲ့ စာရင်းဝင်ပါ။
TLD စာရင်းဝင် Domain Name Extension တွေ ရာပေါင်းများစွာ ရှိနေပေမယ့် တွင်တွင်ကျယ်ကျယ် လူသုံးများတာတွေကတော့ .com ၊ .org နဲ့ .net တို့ပဲ ဖြစ်ပါတယ်။ အခြား လူသိနည်းတဲ့ TLD တွေ ရှိပေမယ့် ကျွန်တော်တို့အနေနဲ့ သုံးစွဲဖို့ အကြံမပြုလိုပါဘူး။ ဥပမာအနေနဲ့ကတော့ .biz ၊ .club ၊ .info ၊ .agency စတဲ့ Extension တွေပဲ ဖြစ်ပါတယ်။
.com (commercial) – အသုံးများဆုံးနဲ့ အတွင်ကျယ်ဆုံးပါပဲ။ မူလက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ Site တွေအတွက်ပဲ ဖြစ်ပေမယ့် လက်ရှိမှာတော့ Website အမျိုးမျိုးအတွက် ဒီ Extension ကို သုံးနေကြပြီ ဖြစ်ပါတယ်။
.net (network) – ကွန်ရက်ချိတ်ဆက်မှု ရှိထားတဲ့ Website တွေအတွက် မူလက ရည်ရွယ်ခဲ့ပေမယ့် ဒီ Domain Extension ကို ဒီဘက်ခေတ်မှာတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ သင့်ရဲ့ စံထားရွေးချယ်မှုက .com Extension ပဲ ဖြစ်တယ်ဆိုလည်း ထောက်ခံပေးရမယ့် ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ .net ကတော့ နည်းပညာနဲ့ Networking တွေအတွက် ဖြစ်တာကြောင့် နည်းပညာကုမ္ပဏီတွေအတွက်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။
.org (organization) – အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပါတယ်။ သင့်ရဲ့ Website ဟာ ပရဟိတ လုပ်ငန်းတစ်ခုအတွက် Website ဖြစ်တယ်ဆိုရင်တော့ အကောင်းဆုံး Domain Extension ပါပဲ။ ဒါပေမယ့် ဒီ Extension ဟာ Message မျိုးစုံ ပို့နေတတ်တာကြောင့် သင့် Website ဟာ စီးပွားရေးလုပ်ငန်းအတွက်ဆိုရင် ရွေးချယ်စရာကောင်းတစ်ခုတော့ မဟုတ်ပါဘူး။
.edu (education) – ဒီ Extension ကိုတော့ အများသူငါ လူတကာက မှတ်ပုံတင်ရုံနဲ့ ရယူနိုင်မှာ မဟုတ်ပါဘူး။ ကောလိပ်နဲ့ ပညာရေး အဖွဲ့အစည်းတွေအတွက်သာ ရယူနိုင်တဲ့ Domain Extension ပဲ ဖြစ်ပါတယ်။
.info (information) – သင့် Website ဟာ သတင်းအချက်အလက်၊ ဒါမှမဟုတ် ဗဟုသုတ အသိပညာ အချက်အလက်တွေအတွက်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံး Extension ပဲ ဖြစ်ပါတယ်။ ဒီ Extension ကို အသုံးပြုထားတဲ့ Website မှာ သင်ဟာ ဘာတစ်ခုမှ အရောင်းအဝယ် မလုပ်ဘူးဆိုရင် ဒီ Domain ဟာ ကောင်းကောင်း အလုပ်ဖြစ်မှာပဲ ဖြစ်ပါတယ်။
.biz (business) – စီးပွားရေးလုပ်ငန်းအတွက် .com Domain အစား အသုံးပြုတဲ့ Extension ပါ။ ဒါပေမယ့် ဒီ Extension ကို မယုံကြည်ရတဲ့ Website အတုတွေနဲ့ Spammy Sites တွေက အသုံးပြုတတ်တာကြောင့် ဆိုးဝါးတဲ့ သက်ရောက်မှုအချို့တော့ ရှိနေပါတယ်။
.me (personal) – ဒီ Extension ကိုတော့ တစ်ကိုယ်ရည်သုံး Website တွေ၊ Blog တွေအတွက် အသုံးပြုပြီး စီးပွားဖြစ်အတွက် မရည်ရွယ်ပါဘူး။
Country Code Top Level Domain – ccTLD
Country code top-level domain ၊ ဒါမှမဟုတ် ccTLD ဆိုတာက နိုင်ငံတွေကို သီးခြားသတ်မှတ်တဲ့ Domain Name တွေပဲ ဖြစ်ပါတယ်။ အဲဒီ Domain Name တွေဟာ Country Code Extension တွေနဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ဗြိတိန်ဆို .uk ၊ ဂျာမနီဆို .de ၊ အိန္ဒိယဆို .in တို့ ဖြစ်ပါတယ်။ ဒီ Domain Name တွေကိုတော့ သီးသန့်နိုင်ငံတစ်နိုင်ငံအတွင်းက သူတွေဆီကို ပစ်မှတ်ထားလိုတဲ့ Website တွေအတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။
Sponsored Top Level Domain – sTLD
Sponsored top-level domain သို့ sTLD ဆိုတာကတော့ TLDs ထဲက အတန်းအစားတစ်ခုပါပဲ။ အထူးပြုတဲ့ အဖွဲ့အစည်း၊ အစုအဖွဲ့တွေကို ထောက်ပံ့ကိုယ်စားပြုရာ Domain Extension ပါ။ ဥပမာအနေနဲ့ .edu ဆိုရင် ပညာရေးနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေပါ။ အမေရိကန်အစိုးရနဲ့ သက်ဆိုင်တာဆိုရင် .gov ၊ အမေရိကန်စစ်တပ်နဲ့ သက်ဆိုင်တာဆိုရင် .mil ဆိုပြီး စသဖြင့် အများအပြား ရှိနေပါတယ်။
သင့် Website အတွက် Domain Name တစ်ခုကို ဘယ်လို ရွေးချယ်မလဲ။ ၂၀၁၉ ခုနှစ်၊ တတိယသုံးလပတ်အထိ Domain Name မှတ်ပုံတင်ထားသူပေါင်း ၃၅၉.၈ သန်းကျော် ရှိနေပြီး နေ့စဉ် ထောင်ပေါင်းများစွာဟာ Domain Name တွေကို ရယူနေကြပါတယ်။ ဒါကြောင့် Domain Name ကောင်းကောင်းတစ်ခုဟာ အခြားသူတွေ ရယူထားပြီးသား ဖြစ်နေနိုင်သလို မကြာခင်မှာ ရယူသွားနိုင်ခြေ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီအတွက်ကြောင့် ကိုယ့်လုပ်ငန်းကို ထင်ဟပ်စေမယ့် လုပ်ငန်းအမည် နဲ့ဆင်တူ Domain Name တစ်ခုကို အမြန်ဝယ်ယူထားမှ စိတ်ချရပါလိမ့်မယ်။
Domain Name တစ်ခု ဝယ်ယူတော့မယ်ဆိုရင်
- .com Extension ကို ဉီးစားပေး ရွေးချယ်ပါ။ ဒီ Extension ဟာ အသုံးအများဆုံးလည်း ဖြစ်ပြီး မှတ်မိလည်း လွယ်သလို ကိုယ့်လုပ်ငန်းကို ဈေးကွက်မြှင့်တင်ရေးတွေပြုလုပ်ရာမှာလည်း လွယ်ကူစေပါတယ်။
- တိုတိုနဲ့ မှတ်မိလွယ်တဲ့ အမည် ဖြစ်ပါစေ။
- ကိုယ့်လုပ်ငန်းကို ထင်ဟပ်စေပြီး လုပ်ငန်းနာမည်နဲ့ဆင်တူအမည်ကို ရွေးချယ်ပါ။
- ဖတ်ရလွယ်ကူပြီး စာလုံးပေါင်းရလွယ်တာမျိုး ဖြစ်ပါစေ။
- ကိန်းဂဏန်းတွေနဲ့ Hyphen (-) တွေ မသုံးပါနဲ့။