ကိုယ်ပိုင် Domain အမည်နဲ့ Email ကို အသုံးပြုသင့်တဲ့ အဓိကအချက် ၆ ချက်
သင့်စီးပွားရေးလုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ကုန်အမှတ်တံဆိပ် ဂုဏ်သတင်းကို တည်ဆောက်တဲ့အခါ ဆုံးဖြတ်ရမယ့် အကြောင်းအရာတွေ အများအပြား ရှိပါတယ်။ Website တစ်ခု၊ Domain အမည်နဲ့ မှန်ကန်တဲ့ Email လိပ်စာတွေက ကုန်အမှတ်တံဆိပ် ဂုဏ်သတင်းတည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ တကယ်လို့ သင့် Email လိပ်စာမှာ ကိုယ်ပိုင် Domain အမည် (Business Domain) မသုံးဘူးဆိုရင်တော့ အမှားတစ်ခု ပြုလုပ်မိနေပါပြီ။ Email လိပ်စာမှာ ကိုယ်ပိုင် Domain အမည် အသုံးပြုသင့်တဲ့ အဓိကအချက် ၆ ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပညာရှင်ဆန်စေခြင်း
supportcompanyname@gmail.com ဆိုတဲ့ အခမဲ့ Email လိပ်စာက လာတဲ့ Mail တစ်စောင်နဲ့ support@businessdomain.com ဆိုတဲ့ ကိုယ်ပိုင် Domain အမည်က လာတဲ့ Mail တစ်စောင်မှာ ဘယ် Mail က ပရော်ဖက်ရှင်နယ်လ်ပိုဆန်တယ်လို့ ထင်ပါသလဲ။ အခမဲ့ Email တွေ သုံးတာက ကိုယ်ပိုင် Domain အမည်သုံးတဲ့ Email လိပ်စာနဲ့ ပရော်ဖက်ရှင်နယ်လ်ဆန်မှုမှာ မယှဉ်နိုင်ပါဘူး။ ဒါဟာ ကိုယ့်အမည်နဲ့ ဖုန်းနံပါတ်ကို စာရွက်လွတ်ပေါ်မှာ ချရေးပေးတာနဲ့ ပရော်ဖက်ရှင်နယ်လ်ဆန်တဲ့ လိပ်စာကတ်ကို ထုတ်ပေးတာ ကွာခြားသလို ကွာပါတယ်။ ကုမ္ပဏီအမည်ပါဝင်တဲ့ Email လိပ်စာဟာ Online လိပ်စာကတ်တစ်မျိုး ဖြစ်ပါတယ်။
၂။ ကုန်အမှတ်တံဆိပ် တည်ဆောက်ခြင်း
ကုမ္ပဏီအမည်ပါတဲ့ ကိုယ်ပိုင် Domain လိပ်စာသုံး Email ကနေ Mail ပေးပို့တာဟာ ကုန်အမှတ်တံဆိပ် တည်ဆောက်ခြင်းအတွက် အလွန် အထောက်အကူပြုပါတယ်။ အခမဲ့ Email သုံးသူတွေကတော့ ဝန်ဆောင်မှုပေးတဲ့ Gmail ၊ Hotmail ၊ Yahoo စသူတို့အတွက် ကုန်အမှတ်တံဆိပ် တည်ဆောက်ပေးသလို ဖြစ်နေပြီး ကိုယ်ပိုင် Domain သုံးသူကတော့ ကိုယ့်ကုမ္ပဏီအတွက် ဖြစ်စေပါတယ်။
ကိုယ်ပိုင် Domain သုံးတဲ့အခါ Email တစ်ကြိမ် ပို့တိုင်း သင့်လုပ်ငန်းရဲ့ Website ကို ပေးပို့တာ ဖြစ်ပါတယ်။ ဒါက Email လက်ခံရရှိသူကို သင့်လုပ်ငန်းရဲ့အချက်အလက်တွေ ဘယ်မှာ ကြည့်ရှုနိုင်တယ်ဆိုတာကို အလွယ်တကူ သိစေနိုင်ပါ တယ်။ တကယ်လို့ Online မှာ ပိုပြီးအကျိုးသက်ရောက်စေချင်တယ်ဆိုရင် ကိုယ်ပိုင် Domain အမည်က အလွန် အထောက်အကူ ဖြစ်စေပါတယ်။
၃။ ပြိုင်ဘက်တွေကြားမှာ ကွဲပြားစေခြင်း
သင့်ပြိုင်ဘက်အများစုက အခမဲ့ Email တွေ သုံးကြမှာမဟုတ်ပေမယ့် တချို့ကတော့ သုံးနေကြမှာပါ။ သင့်အနေနဲ့ ကိုယ်ပိုင် Domain အမည်နဲ့ Email လိပ်စာကို သုံးတဲ့အခါ ပြိုင်ဘက်တွေကြားမှာ ကွဲပြားခြားနားနေမှာပါ။ သင့် Domain အမည်နဲ့ တူညီတဲ့အမည်ကို တခြားသူတွေ သုံးလို့ရမှာမဟုတ်ဘဲ အခမဲ့ Email သုံးသူတွေက သင့်ထက် တစ်ဆင့်နိမ့်နေမှာ ဖြစ်ပါတယ်။
အခမဲ့ Email အသုံးပြုသူတွေဟာ အလုပ်ကို အလေးအနက်ထားမှု နည်းပါးတယ်လို့လည်း ရှုမြင်ခံရပါတယ်။ ကိုယ်ပိုင် Domain အမည်နဲ့ Email ကို အသုံးပြုတဲ့အခါ ဖောက်သည်တွေ၊ ဖောက်သည်ဖြစ်လာနိုင်သူတွေနဲ့ လုပ်ငန်းဖက်တွေက လုပ်ငန်းအပေါ် သင့်ရဲ့အလေးထားမှုကို တွေ့နိုင်ပါတယ်။
၄။ Online လုံခြုံရေး
သင့် Email ကို ဟက်ခံရတာ၊ အကြောင်းမဲ့ ပိတ်ပင်ခံရတာမျိုး အဖြစ်ခံနိုင်မှာ မဟုတ်ပါဘူး။ အခမဲ့ Email ဝန်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိမ်ကြိမ် ဟက်ခံရတာ၊ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အကောင့်ပိတ်သိမ်းတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။
Email အတွက် ကိုယ်ပိုင် Domain အမည်ကို အသုံးပြုတဲ့အခါ အဲဒီအချက်တွေအတွက် စိုးရိမ်ဖို့ မလိုတော့ပါဘူး။ သင့် Domain အမည်ကို ဘယ်လိုပဲ ရွေးချယ်သည်ဖြစ်ပါစေ၊ ဝန်ဆောင်မှုပေးတဲ့ Hosting ကုမ္ပဏီက သင် လိုအပ်သမျှကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သင့်ဖောက်သည်ဆီက Email ကို စောင့်ဆိုင်းနေချိန်မှာ ကိုယ့် Email ဆုံးရှုံး သွားမှာကို စိုးရိမ်ဖို့ မလိုတော့ပါဘူး။
၅။ ကိုယ်ရေးအချက်အလက် လုံခြုံမှု
သင်ဟာ ကိုယ်ပိုင် Domain အမည်ကို အသုံးပြုတဲ့အခါ သီးသန့် စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ Yahoo နဲ့ Google လို ကုမ္ပဏီကြီးတွေရဲ့ Server ထဲမှာ သိမ်းထားတာမျိုးမဟုတ်ဘဲ ဟက်ကာတွေရဲ့ ရန်ကနေ ပိုမိုကာကွယ်မှုပေးထားတဲ့ သီးခြား Server မှာ သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။
Email အတွက် ကိုယ်ပိုင် Domain သုံးဖို့ အကြောင်းပြချက် အများအပြားရှိတဲ့အနက် ကုန်အမှတ်တံဆိပ် တည်ဆောက်မှုက အဓိက အကြောင်းရင်းဖြစ်သလို ကိုယ်ရေးအချက်အလက်လုံခြုံမှုကလည်း နောက်ထပ် ကြီးမားတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
၆။ ထိန်းချုပ်စီမံနိုင်ခြင်း
သင့်ရဲ့ဈေးကွက်မြှင့်တင်ရေးမန်နေဂျာက သူ့ကိုယ်ပိုင် Email ကို သုံးပြီး လုပ်ငန်းဆိုင်ရာ Email တွေ ပေးပို့၊ လက်ခံနေတယ် ဆိုပါစို့။ တကယ်လို့ သူ အလုပ်ထွက်သွားရင် အဲဒီ Email တွေကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။
သူ့ Email လိပ်စာထဲက လုပ်ငန်းဆိုင်ရာ Email တွေကို အသစ်ခန့်အပ်လိုက်တဲ့ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာထံ ပြန်လွှဲပေးတာမျိုး လုပ်ဖို့ လိုလာမှာပါ။ အဲဒီအစား marketingmanager@ourbusiness.com လိုမျိုး လုပ်ငန်းတာဝန်တစ်ခုစီအတွက် ကိုယ်ပိုင် Domain နဲ့ Email လိပ်စာတစ်ခုစီ ဖန်တီးပေးထားပြီး အသစ်ရောက်လာတဲ့ဝန်ထမ်းတွေကို အသုံးပြုခိုင်းနိုင်ပါတယ်။ ဝန်ထမ်းသစ်တွေအနေနဲ့ ကုမ္ပဏီရဲ့ ရှိပြီးသား Email မှာ Display Name ကို ကိုယ့်နာမည်ပြောင်းပြီး ချက်ချင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။