Web Solution Services in Myanmar | eTrade Myanmar

Google Bard AI ရဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုများ

47f05-viber_image_2023-06-30_12-50-06-748.webp

နည်းပညာလောကမှာ ၂၀၂၃ ခုနှစ်ဟာ AI နှစ်လို့ ပြောရလောက်တဲ့အထိ အရာရာမှာ AI က စိုးမိုးနေပါ တယ်။ တကယ်တော့ AI အခြေပြုနည်းပညာနဲ့ ဝန်ဆောင်မှုတွေ ထွန်းကားလာတာ နှစ်အနည်းငယ်ရှိပြီ ဆိုပေမယ့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ထုတ်ဝေခဲ့တဲ့ OpenAI အဖွဲ့ရဲ့ ChatGPT ပရိုဂရမ်က AI ခေတ်ကို လှုပ်နှိုးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ChatGPT ရဲ့အောင်မြင်မှုက နည်းပညာကုမ္ပဏီကြီးတွေကို AI မှာရင်းနှီးမြုပ်နှံဖို့ တွန်းအားပေးခဲ့ပြီး အဲဒီထဲမှာ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Google လည်း ပါဝင်ခဲ့ပါတယ်။ Google ဟာ အရင်ကတည်းက AI နည်းပညာစမ်းသပ်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် ဝန်ဆောင်မှုတစ်ခုအဖြစ် ထုတ်ဝေခြင်းမရှိခဲ့ဘဲ အခုမှ ဈေးကွက်ကို အမှီလိုက်ဖို့ ကြိုးစားခဲ့တဲ့အနေနဲ့ Bard လို့အမည်ပေးထားတဲ့ AI ကို ၂၀၂၃ ခုနှစ်၊ မတ်လနှောင်းပိုင်းမှာ ထုတ်ဝေခဲ့တာပါ။ Bard ဟာ စတင်ထုတ်ဝေစဉ်က အဆင်သင့်မဖြစ်ဘဲ အလျင်စလို ထုတ်ဝေလိုက်တဲ့ ဝန်ဆောင်မှု အဖြစ် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာသလို ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ထူးခြားတဲ့စွမ်းဆောင်မှုတွေလည်း ရှိနေပါတယ်။ အဲဒီထူးခြားတဲ့ စွမ်းဆောင်မှုတွေကတော့-

၁။ အင်တာနက်က နောက်ဆုံး အချက်အလက်တွေကို အသုံးချနိုင်မှု

လက်ရှိ AI Chat ဝန်ဆောင်မှုကို ဦးဆောင်နေတဲ့ ChatGPT ဟာ အလွန်အဆင့်မြင့်တယ်လို့ ဆိုနိုင်ပေမယ့် သူ့ရဲ့ကျိုးကြောင်းဆင်ခြင်မှုနဲ့ သုံးသပ်ဆုံးဖြတ်မှုတွေကို ၂၀၂၁ ခုနှစ်ရှေ့ပိုင်းက အချက်အလက်တွေပေါ်မှာပဲ အခြေခံတည်ဆောက်ထားတာပါ။ Bard ကတော့ အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး နောက်ဆုံးပေါ် အချက်အလက်တွေ၊ အဖြစ်အပျက်တွေကို ရှာဖွေအသုံးပြုနိုင်ပါတယ်။ Bard ဟာ Search Engine လောကကို လွှမ်းမိုးထားတဲ့ Google ရဲ့ထုတ်ကုန်ဖြစ်နေတဲ့အတွက် ဒီအချက်မှာ ပြိုင်ဘက်တွေထက် သိသာတဲ့အားသာမှု ရှိနေပါတယ်။

၂။ ထပ်တိုးဝန်ဆောင်မှုတွေ ချိတ်ဆက်အသုံးပြုနိုင်မှု

Google ဟာ အင်တာနက်ဝန်ဆောင်မှုနယ်ပယ်မှာ Gmail, Maps, Drive စတဲ့ ဝန်ဆောင်မှု အများအပြား ကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့ပြီး Bard ဟာ အဲဒီဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ တခြား AI ဝန်ဆောင်မှုတွေကလည်း ထပ်တိုးဝန်ဆောင်မှုတစ်ချို့နဲ့ ချိတ်ဆက်နိုင်ပေမယ့် Google ရဲ့ဝန်ဆောင်မှုတွေ လောက် စုံလင်မှု၊ ထိရောက်မှုမရှိသလို လစဉ်ကြေးပေးရတာလို ကုန်ကျစရိတ်ထပ်တိုးလာတာတွေ ရှိပါတယ်။

၃။ ရုပ်ပုံတွေ အသုံးပြုနိုင်မှု

Bard ရဲ့ နောက်ထပ်ထူးခြားတဲ့ စွမ်းဆောင်မှုတစ်ခုကတော့ အပြန်အလှန်‌ ပြောဆိုရာမှာ ရုပ်ပုံတွေ အသုံးပြုနိုင်မှု ဖြစ်ပါတယ်။ ဥပမာ ပန်းချီဆရာတစ်ယောက်ရဲ့ ထင်ရှားတဲ့လက်ရာတွေအကြောင်း မေးကြည့်ရင် ပုံနဲ့စာတွေတွဲပြီး ဖြေပေးတာ၊ ကိုယ်က ရုပ်ပုံတစ်ခုကိုပြပြီး အဲဒီပုံနဲ့ပတ်သက်တဲ့ အချက်အလက်ရှာခိုင်းတာတွေမှာ အတော်လေး ထိထိရောက်ရောက် သုံးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်က ရုပ်ပုံတစ်ခုခု ထည့်သွင်းချင်ရင် လုပ်ရတဲ့ အဆင့် နည်းနည်းများပြီး ရှင်းလင်းလွယ်ကူမှုမရှိသေးတဲ့ အားနည်းချက်တော့ ရှိနေပါတယ်။

၄။ အသံနဲ့ပြောကြားနိုင်မှု

Google ဟာ သူရဲ့ Search Engine မှာ အသံနဲ့ပြောကြားပြီး အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကို ထည့်သွင်း ထားတာ အတော်ကြာပါပြီ။ အခု Bard မှာလည်း စာရိုက်ပြီး အပြန်အလှန် စကားပြောတာအပြင် အသံနဲ့ပြောကြား ပြီး အသုံးပြုနိုင်ပါတယ်။

၅။ ဘာသာစကားမျိုးစုံ အသုံးပြုနိုင်မှု

လက်ရှိဈေးကွက်ထဲက AI အများစုဟာ အင်္ဂလိပ်ဘာသာစကားနဲ့သာ အသုံးပြုနိုင်ပါတယ်။ Bard ကတော့ ဒါဇင်နဲ့ချီတဲ့ ဘာသာစကားတွေ အသုံးပြုနိုင်ပြီး ပြိုင်ဘက်တွေထက် သိသာတဲ့အားသားချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တခြားဘာသာစကားတွေနဲ့ အသုံးပြုတဲ့အခါ အင်္ဂလိပ်ဘာသာစကားလောက် ထိရောက်မှုတော့ မရှိပါဘူး။

Share it: