သင့်ကုမ္ပဏီအတွက် SEO က အရေးပါရခြင်း အကြောင်းရင်း ၅ ချက်
SEO (Search Engine Optimization) ဆိုတာ သင့်ကုမ္ပဏီရဲ့ Website ကို Search Engine တွေကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုသူတွေ တိုးလာဖို့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ SEO ဟာ သင့်ကုမ္ပဏီရဲ့ ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေအတွက် အဓိကကျ အရေးပါရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒီလို အကြောင်းရင်းတွေထဲက အဓိကအချက် ၅ ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ သင့် Website ကို လူတွေ ပိုမိုမြင်တွေ့စေဖို့ အထောက်အကူ ဖြစ်စေခြင်း
သင့်ကုမ္ပဏီရဲ့ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်မျိုးမျိုးကို တစ်စုံတစ်ယောက်က Internet မှာ ရှာကြည့်တဲ့အခါ Search Engine က ဖော်ပြတဲ့ ရလဒ်စာရင်းမှာ သင့်ကုမ္ပဏီရဲ့အမည်ကို သင့်အနေနဲ့ တတ်နိုင်သမျှ ထိပ်ဆုံးမှာ ရှိစေချင်မှာပါ။ အဲဒီလို ရလဒ်စာရင်းရဲ့ ထိပ်ဆုံးနားမှာ သင့်ကုမ္ပဏီရဲ့အမည်ကို ရှိစေတာက သင့် Website ကို လူတွေ ဝင်ကြည့်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
၂။ ယုံကြည်စိတ်ချရမှုကို တည်ဆောက်နိုင်ခြင်း
Search Engine တွေရဲ့ ရလဒ်စာရင်းထိပ်မှာ ကြော်ငြာအနေနဲ့ ကိုယ့်ကုမ္ပဏီအမည်ကို ဖော်ပြတာမျိုးက ဘယ်သူမဆို လုပ်ဆောင်လို့ရပါတယ်။ ဒါပေမယ့် စားသုံးသူတွေကတော့ အဲဒီလိုကြော်ငြာထားတဲ့အမည်တွေထက် ရလဒ်စာရင်းမှာ အလိုအလျောက် ပါဝင်လာတဲ့ ကုမ္ပဏီအမည်တွေကို ပိုပြီးယုံကြည်လေ့ ရှိကြပါတယ်။ ကုမ္ပဏီတွေက အခကြေးငွေ ပေးပြီး ထည့်သွင်းထားတဲ့ကြော်ငြာတွေထက် စားသုံးသူအချင်းချင်းဆီကနေ တစ်ဆင့်စကားနဲ့ ကြားသိရတာကို စားသုံးသူတွေအနေနဲ့ ပိုပြီး ယုံကြည်လေ့ရှိကြပါတယ်။
၃။ ကုန်အမှတ်တံဆိပ်ကို လူပိုသိစေခြင်
ရလဒ်စာရင်းရဲ့ထိပ်ပိုင်းမှာ ကိုယ့်ကုမ္ပဏီရဲ့အမည်ကို ဖော်ပြခံရတဲ့အခါ စားသုံးသူတွေရဲ့ စိတ်ထဲမှာ ကိုယ့်ကုမ္ပဏီကို ပိုရှိနေစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အဲဒီလိုဖော်ပြခံရဖို့ ကိုယ့်အမှတ်တံဆိပ်နဲ့ တွဲပြီးသိစေချင်တဲ့ သော့ချက်စကားလုံး Keyword တွေကို စနစ်တကျ စီစဉ်ထည့်သွင်းပြီး ပြုလုပ်ရပါတယ်။
၄။ ဈေးကွက်မြှင့်တင်ရေးအတွက် တိုင်းတာမှုကိရိယာ
ကိုယ့် Website ကို ဝင်ကြည့်သူတွေက ဘယ်လမ်းကြောင်းကနေ ဝင်ရောက်လာတယ်ဆိုတာ သိရှိနိုင်ဖို့ SEO က အထောက်အကူပြုပါတယ်။ ကိုယ့် Website ရဲ့ ဘယ်အပိုင်းတွေကို လူတွေက အဓိက ကြည့်ရှုလေ့ရှိတယ်ဆိုတာ သိနိုင်စေပါတယ်။ ဒါ့အပြင် အသုံးပြုထားတဲ့ Keyword တွေရဲ့အကျိုးသက်ရောက်မှုကို တိုင်းတာနိုင်ပါတယ်။ ဒီအချက်တွေက ကုမ္ပဏီ Website ကို လူများများ ဝင်ကြည့်ဖို့ ချိန်ညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
၅။ SEO ဟာ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကုန်ကျစရိတ် မဟုတ်ပါ
ကုမ္ပဏီတစ်ခုဟာ Website မှာ ဖော်ပြတဲ့ အကြောင်းအရာတွေကို စနစ်တကျ မှန်မှန်ကန်ကန် စီစဉ်ထားတယ်ဆိုရင် ရေရှည်မှာ အကျိုးရလဒ်တွေ ရလာဖို့ မျှော်လင့်နိုင်ပါတယ်။ ကုမ္ပဏီအများအပြားက ကိုယ်ပိုင် Website တွေ ပြုလုပ်လာတဲ့အတွက် ယှဉ်ပြိုင်ဘက်တွေကြားမှာ ထိပ်ဆုံးရောက်နေဖို့ လိုပါတယ်။ ရှာဖွေမှုရလဒ်စာရင်းနဲ့ စားသုံးသူတွေရဲ့စိတ်ထဲမှာ ထိပ်ဆုံးရောက်နေဖို့အတွက် SEO လုပ်ငန်းစဉ်တွေကို အသုံးပြုဖို့ အရေးကြီးပါတယ်။